Sunday, December 27, 2015

"စကားလုံးနဲ့ဆွဲတဲ့ ပန်းချီ"

ပွင့်ပွင့်လင်းလင်းပြောကြကြေးဆို
ကျနော်အားကျတာ Not for sale ဆိုတဲ့ ပန်းချီကား
အကြောင်းကြောင်းကြောင့် ဖြစ်ပါလိမ့်မယ်
အနုပညာချစ်တဲ့စိတ်က ကြေးဖြတ်ရပိုခက်မယ်

နေဝင်နောက်ကျတဲ့ ညနေတွေကိုမုန်းတယ်
ကြယ်လေးတွေတစ်ညလင်းဖို့ ဘယ်လောက်အားယူကြရလဲ
တခါတလေမှ သာတဲ့ လကို တန်ဘိုးထားကြပေမယ့်
ကြယ်ဆိုတာ မွေးရာပါတာဝန်ကျေတဲ့အရာတွေပဲလေ
တစ်နှစ်တခါပွင့်တဲ့ ပိတောက်က သစ္စာရှိသတဲ့
ဆယ့်နှစ်ရာသီပွင့်တဲ့ပန်းလေးတွေကို အားမနာကြဘူး
အင်းလေ လူတွေရဲ့ အမှန်တရားဆိုတာ ချစားနေတဲ့သစ်ပင်အိုပဲ
လေယူရာတိမ်းရင်း ယိမ်းကနေကြမှာပေါ့
လွယ်လွယ်နဲ့လက်ခံရမယ်ဆို မှားတဲ့ဘက်မှာနေမယ့်ကောင်
ကြက်တောင် သေးမပေါက်ဘူးဆိုလို့ ရေတိုက်ပြီးစောင့်ကြည့်ဖူးတယ်
မသေကောင်းမပျောက်ကောင်း ချိုချဉ်နဲ့စိမ်းစားဥလဲတွဲစားဖူးတယ်
တခါတလေမှန်ရတာ မိုက်မဲလွန်းလှတယ်
ခေါင်းမာသလောက် ချစ်တတ်တာလဲ နှစ်ယောက်မရှိဘူး
ရေးပြီးမကောင်းလို့ ဘယ်ကဗျာမမှီစာမမှီမှ စုတ်မဖြဲဖူးဘူး
ကိုယ်ပျိုးတဲ့ပန်းပဲ ပိုးထိုးထားလဲ မြတ်နိုးရမယ်
နောက်ဆုံး မပွင့်လိုက်ရတဲ့ ပန်းကိုတောင် လွမ်းကောင်းတုန်း
တကယ်တော့ နှစ်ဖက်တီးမှမြည်ရအောင် အချစ်ဆိုတာ ဝါးလက်ခုပ်မှ မဟုတ်ပဲ
တချို့ချစ်ခြင်းတွေက အတ္တကင်းတယ်လေ
ရူသွင်းဖို့ပဲ အားသန်ပြီးရှိုက်ထုတ်ဖို့အားနည်းတဲ့ခေတ်မှာ
တဘက်သတ်အချစ်ဆိုတာ ရှုံချစရာများဖြစ်နေသလား
ခက်တယ် ခက်တယ် အမြင်မတူရင်ဆဲနေကြတယ်
လွတ်လပ်စွာကွဲလွဲခွင့်ကို သဘောမပေါက်သရွေ့
ဘယ်သူ ဥယျာဉ်မူးဖြစ်ဖြစ် လိပ်ပြာလာဝဲမယ်မထင်ဘူး
ပန်းခေတ်ဆိုတာ ကျနော်ရူးတဲ့ စိတ်ကူးသက်သက်ပဲဖြစ်နေမှာ
ကဗျာဆိုတာ နှလုံးသားကဖိတ်ကျလာတဲ့စကားလုံးပါ
စာဖတ်သူနှလုံးသားက တခုခုကူးယူရရှိတယ်ဆို ကျေနပ်ပြီ
နိမိတ်တွေ၊ကာရန်တွေ စာသံပေသံနဲ့ဘောင်မခတ်ကြပါနဲ့
ကလောင်ကိုင်တဲ့လက်တွေ ရှက်နေကြလိမ့်မယ်
အရှက်တရားနဲ့အကြောက်တရားက ကမ္ဘာထိန်းတဲ့တရားတဲ့
ဒါဆို ချစ်ခြင်းဟာ ကမ္ဘာကို လည်စေတဲ့တရားဖြစ်မယ်
အနုပညာကို ကြေး သတ်မှတ်ရောင်းတဲ့ခေတ်မှာ ဒီကဗျာကို သက်သေထူပါတယ်
ကျွန်ပ်သည် ရောင်းရန်မဟုတ်သည့် ပန်းချီကားဖြစ်ရပါစေသား.......။

PK(ကျောင်းစောင့်ကြီး)

No comments:

Post a Comment