Tuesday, December 29, 2015

"အင်းယားကန်က အမှိုက်ပုံး"


ရင်ဘတ်ထဲက အရာတွေက
ချရေးလိုက်ရင် ဖတ်လို့တော့အကောင်းသား
အသံထွက်ပြဖို့ကျ လည်ချောင်းကို ဓါးရှထားသလိုပဲ။
ရုပ်ဆင်းအင်္ဂါက ဘီလူးသံပရာစားထားသလို
ဘယ်လောက်ပြုံးပြုံး ၊ ငါးခုံးမ,လောက် လှမလာဘူး
အသားကောင်း၊မကောင်း အကြေးခွံ့ကြည့်ရွေးတဲ့ခေတ်မှာ
ကျူပ်က ကျပ်တိုက်ထားတဲ့ ငါးတစ်ကောင်...။
မျောက်ပြပြီး ဆန်တောင်းလို့ရပေမယ့်
လူအကြောင်းက ပေါင်းကြည့်မှ သိရတော့
ရိုးသားမှုနဲ့ရင်ခုန်မူက ချိန်ခွင်ပေါ်တင်ပြလို့ရတဲ့
ယင်နားစာသက်သက်တစ်ခုမဟုတ်ဘူးလေ။
ရေလိုက်ငါးလိုက်မနေတတ်သလို
လိုသလိုအရောင်ပြောင်းတာ ပုတ်သင်ညိုလို့သိထားတော့
ကျနော့်အမှန်တရားက ညစ်ကျယ်ကျယ်၊ဂွကျကျမို့
ဘီသွေးဟောစတမ်းထဲကလို ငမောင်ဘုကလန့်လေးပေါ့။
အမေပြောပြောတတ်တဲ့ လောကဓံက
ကျောကန်လိုက်၊ရင်ကန်လိုက်နဲ့ဆိုတော့
ကျနော်အိတ်ထောင်က ပြားတခါ၊ချုပ်တလှည့်နဲ့
ရုပ်မရှိ၊ရေမလျှံရပါလို၏များ ဆုတောင်းမှားခဲ့လေရော့သလား။
ရေးချင်တာက မော်ဒန်
အဓိပ္ပါယ်တွေပြန်ရင်းနဲ့ သရုပ်က မှန်လာတယ်
ယုံကြည်ချက်ကို ချမပြရဲတဲ့ကောင်
စာပေလောကက ချောင်ကျတဲ့ထောင့်မှာ အမှောင်ချနေတာပဲ တန်တယ်။
ဟင်းအိုးမွှေတဲ့ယောင်းမဟာ ဟင်းအရသာမသိဘူးတဲ့
ပျစ်ပျစ်နှစ်နှစ်အသက်သွင်းရရင်......ကျနော်ဟာ.......
ကိုယ့်အမြှီးကို မမြင်ဖူးသေးတဲ့ မျောက်တစ်ကောင်
အချစ်၊အလွမ်းရနံ့တွေ နေ့စဉ်ရူရှိုက်ရင်း
ကန်ဘောင်ကြီးကို ငေးကြည့်နေသူတစ်ဦးရယ်ပါ......။
PK(ကျောင်းစောင့်ကြီး)

No comments:

Post a Comment