အချစ်သမိုင်းပြတိုက်တစ်ခုဖွင့်မယ်
မှိုင်းပြတဲ့ အတိတ်ကြောင်းရှိသူများအတွက် အခန်းကျယ်ကျယ်
လင်းလက်တဲ့ကြယ်အချို့အတွက်က မျက်နှာကျက်နံရံ့တခု
မကြေငြာရဘဲ စစ်ရှူံးသွားတဲ့ အုံ့ပုန်းသမားများက ကတုတ်ကျင်းလှလှ
အလွမ်းတွေရစ်ဝိုင်းတတ်သူများအနီးတဝိုက်မို့
နှင်းကျရင် ကျ၊ မိုးသည်းချင် သည်း
တမျိုးမျိုးနဲ့တော့ စိုထိုင်းနေနိုင်တယ်
ကြည်လင်တဲ့ တနင်္ဂနွေတစ်ပတ်တိုင်းတော့
ရင်ခုန်သံကို ဘာသာပြန်ပွဲလုပ်မယ်
အချစ်ဦးနာမည်ကို ပီပီပြင်ပြင်ထုတ်ဖော်ချင်သူများ
ရည်းစားဟောင်းအကြောင်း ပလုတ်ပလောင်းပြောလိုသူများ
မပွင့်လိုက်ရတဲ့ပန်းပိုင်ရှင် ဥယျာဉ်မှူးများရဲ့ တံခါးဖွင့်သံများ
အချစ်ဆိုတာ အဓိပ္ပါယ်အမျိုးမျိုးနဲ့ ဆေးထိုးခံရသူများ
နောက်ဆုံး ယုံကြည်ချက်ကြောင့် အသဲကွဲသူများလည်း ပါဝင်နိုင်သည်
မာနကို နားလည်မူနဲ့ အနိုင်ထိုးထားတဲ့ စုံတွဲတချို့က နောက်ခြမ်းမှာ နေရာယူပါ
အချစ်သည် ယစ်မူးစေပြီးဖြစ်တဲ့အတွက် ကော်ဖီခွက်နဲ့ပဲ ချီးယားကြမယ်
ဘဝရဲ့အစိတ်အပိုင်းလေးဆိုပေမယ့် အရိပ်သမိုင်းက ကြီးမားပါတယ်
ကဲ......လာ...........
လူစုံရင် ပြတိုက်ဖွင့်မယ်
ရင်ဘတ်ရှိသူများ တန်းစီ၍ ကြွပါ.....။
PK(ကျောင်းစောင့်ကြီး)
No comments:
Post a Comment