Tuesday, December 29, 2015

"အင်းယားကန်က အမှိုက်ပုံး"


ရင်ဘတ်ထဲက အရာတွေက
ချရေးလိုက်ရင် ဖတ်လို့တော့အကောင်းသား
အသံထွက်ပြဖို့ကျ လည်ချောင်းကို ဓါးရှထားသလိုပဲ။
ရုပ်ဆင်းအင်္ဂါက ဘီလူးသံပရာစားထားသလို
ဘယ်လောက်ပြုံးပြုံး ၊ ငါးခုံးမ,လောက် လှမလာဘူး
အသားကောင်း၊မကောင်း အကြေးခွံ့ကြည့်ရွေးတဲ့ခေတ်မှာ
ကျူပ်က ကျပ်တိုက်ထားတဲ့ ငါးတစ်ကောင်...။
မျောက်ပြပြီး ဆန်တောင်းလို့ရပေမယ့်
လူအကြောင်းက ပေါင်းကြည့်မှ သိရတော့
ရိုးသားမှုနဲ့ရင်ခုန်မူက ချိန်ခွင်ပေါ်တင်ပြလို့ရတဲ့
ယင်နားစာသက်သက်တစ်ခုမဟုတ်ဘူးလေ။
ရေလိုက်ငါးလိုက်မနေတတ်သလို
လိုသလိုအရောင်ပြောင်းတာ ပုတ်သင်ညိုလို့သိထားတော့
ကျနော့်အမှန်တရားက ညစ်ကျယ်ကျယ်၊ဂွကျကျမို့
ဘီသွေးဟောစတမ်းထဲကလို ငမောင်ဘုကလန့်လေးပေါ့။
အမေပြောပြောတတ်တဲ့ လောကဓံက
ကျောကန်လိုက်၊ရင်ကန်လိုက်နဲ့ဆိုတော့
ကျနော်အိတ်ထောင်က ပြားတခါ၊ချုပ်တလှည့်နဲ့
ရုပ်မရှိ၊ရေမလျှံရပါလို၏များ ဆုတောင်းမှားခဲ့လေရော့သလား။
ရေးချင်တာက မော်ဒန်
အဓိပ္ပါယ်တွေပြန်ရင်းနဲ့ သရုပ်က မှန်လာတယ်
ယုံကြည်ချက်ကို ချမပြရဲတဲ့ကောင်
စာပေလောကက ချောင်ကျတဲ့ထောင့်မှာ အမှောင်ချနေတာပဲ တန်တယ်။
ဟင်းအိုးမွှေတဲ့ယောင်းမဟာ ဟင်းအရသာမသိဘူးတဲ့
ပျစ်ပျစ်နှစ်နှစ်အသက်သွင်းရရင်......ကျနော်ဟာ.......
ကိုယ့်အမြှီးကို မမြင်ဖူးသေးတဲ့ မျောက်တစ်ကောင်
အချစ်၊အလွမ်းရနံ့တွေ နေ့စဉ်ရူရှိုက်ရင်း
ကန်ဘောင်ကြီးကို ငေးကြည့်နေသူတစ်ဦးရယ်ပါ......။
PK(ကျောင်းစောင့်ကြီး)

'နှလုံးသား ပြခန်း'


အချစ်သမိုင်းပြတိုက်တစ်ခုဖွင့်မယ်
မှိုင်းပြတဲ့ အတိတ်ကြောင်းရှိသူများအတွက် အခန်းကျယ်ကျယ်
လင်းလက်တဲ့ကြယ်အချို့အတွက်က မျက်နှာကျက်နံရံ့တခု
မကြေငြာရဘဲ စစ်ရှူံးသွားတဲ့ အုံ့ပုန်းသမားများက ကတုတ်ကျင်းလှလှ
အလွမ်းတွေရစ်ဝိုင်းတတ်သူများအနီးတဝိုက်မို့
နှင်းကျရင် ကျ၊ မိုးသည်းချင် သည်း
တမျိုးမျိုးနဲ့တော့ စိုထိုင်းနေနိုင်တယ်
ကြည်လင်တဲ့ တနင်္ဂနွေတစ်ပတ်တိုင်းတော့
ရင်ခုန်သံကို ဘာသာပြန်ပွဲလုပ်မယ်
အချစ်ဦးနာမည်ကို ပီပီပြင်ပြင်ထုတ်ဖော်ချင်သူများ
ရည်းစားဟောင်းအကြောင်း ပလုတ်ပလောင်းပြောလိုသူများ
မပွင့်လိုက်ရတဲ့ပန်းပိုင်ရှင် ဥယျာဉ်မှူးများရဲ့ တံခါးဖွင့်သံများ
အချစ်ဆိုတာ အဓိပ္ပါယ်အမျိုးမျိုးနဲ့ ဆေးထိုးခံရသူများ
နောက်ဆုံး ယုံကြည်ချက်ကြောင့် အသဲကွဲသူများလည်း ပါဝင်နိုင်သည်
မာနကို နားလည်မူနဲ့ အနိုင်ထိုးထားတဲ့ စုံတွဲတချို့က နောက်ခြမ်းမှာ နေရာယူပါ
အချစ်သည် ယစ်မူးစေပြီးဖြစ်တဲ့အတွက် ကော်ဖီခွက်နဲ့ပဲ ချီးယားကြမယ်
ဘဝရဲ့အစိတ်အပိုင်းလေးဆိုပေမယ့် အရိပ်သမိုင်းက ကြီးမားပါတယ်
ကဲ......လာ...........
လူစုံရင် ပြတိုက်ဖွင့်မယ်
ရင်ဘတ်ရှိသူများ တန်းစီ၍ ကြွပါ.....။


PK(ကျောင်းစောင့်ကြီး)

Sunday, December 27, 2015

"စကားလုံးနဲ့ဆွဲတဲ့ ပန်းချီ"

ပွင့်ပွင့်လင်းလင်းပြောကြကြေးဆို
ကျနော်အားကျတာ Not for sale ဆိုတဲ့ ပန်းချီကား
အကြောင်းကြောင်းကြောင့် ဖြစ်ပါလိမ့်မယ်
အနုပညာချစ်တဲ့စိတ်က ကြေးဖြတ်ရပိုခက်မယ်

နေဝင်နောက်ကျတဲ့ ညနေတွေကိုမုန်းတယ်
ကြယ်လေးတွေတစ်ညလင်းဖို့ ဘယ်လောက်အားယူကြရလဲ
တခါတလေမှ သာတဲ့ လကို တန်ဘိုးထားကြပေမယ့်
ကြယ်ဆိုတာ မွေးရာပါတာဝန်ကျေတဲ့အရာတွေပဲလေ
တစ်နှစ်တခါပွင့်တဲ့ ပိတောက်က သစ္စာရှိသတဲ့
ဆယ့်နှစ်ရာသီပွင့်တဲ့ပန်းလေးတွေကို အားမနာကြဘူး
အင်းလေ လူတွေရဲ့ အမှန်တရားဆိုတာ ချစားနေတဲ့သစ်ပင်အိုပဲ
လေယူရာတိမ်းရင်း ယိမ်းကနေကြမှာပေါ့
လွယ်လွယ်နဲ့လက်ခံရမယ်ဆို မှားတဲ့ဘက်မှာနေမယ့်ကောင်
ကြက်တောင် သေးမပေါက်ဘူးဆိုလို့ ရေတိုက်ပြီးစောင့်ကြည့်ဖူးတယ်
မသေကောင်းမပျောက်ကောင်း ချိုချဉ်နဲ့စိမ်းစားဥလဲတွဲစားဖူးတယ်
တခါတလေမှန်ရတာ မိုက်မဲလွန်းလှတယ်
ခေါင်းမာသလောက် ချစ်တတ်တာလဲ နှစ်ယောက်မရှိဘူး
ရေးပြီးမကောင်းလို့ ဘယ်ကဗျာမမှီစာမမှီမှ စုတ်မဖြဲဖူးဘူး
ကိုယ်ပျိုးတဲ့ပန်းပဲ ပိုးထိုးထားလဲ မြတ်နိုးရမယ်
နောက်ဆုံး မပွင့်လိုက်ရတဲ့ ပန်းကိုတောင် လွမ်းကောင်းတုန်း
တကယ်တော့ နှစ်ဖက်တီးမှမြည်ရအောင် အချစ်ဆိုတာ ဝါးလက်ခုပ်မှ မဟုတ်ပဲ
တချို့ချစ်ခြင်းတွေက အတ္တကင်းတယ်လေ
ရူသွင်းဖို့ပဲ အားသန်ပြီးရှိုက်ထုတ်ဖို့အားနည်းတဲ့ခေတ်မှာ
တဘက်သတ်အချစ်ဆိုတာ ရှုံချစရာများဖြစ်နေသလား
ခက်တယ် ခက်တယ် အမြင်မတူရင်ဆဲနေကြတယ်
လွတ်လပ်စွာကွဲလွဲခွင့်ကို သဘောမပေါက်သရွေ့
ဘယ်သူ ဥယျာဉ်မူးဖြစ်ဖြစ် လိပ်ပြာလာဝဲမယ်မထင်ဘူး
ပန်းခေတ်ဆိုတာ ကျနော်ရူးတဲ့ စိတ်ကူးသက်သက်ပဲဖြစ်နေမှာ
ကဗျာဆိုတာ နှလုံးသားကဖိတ်ကျလာတဲ့စကားလုံးပါ
စာဖတ်သူနှလုံးသားက တခုခုကူးယူရရှိတယ်ဆို ကျေနပ်ပြီ
နိမိတ်တွေ၊ကာရန်တွေ စာသံပေသံနဲ့ဘောင်မခတ်ကြပါနဲ့
ကလောင်ကိုင်တဲ့လက်တွေ ရှက်နေကြလိမ့်မယ်
အရှက်တရားနဲ့အကြောက်တရားက ကမ္ဘာထိန်းတဲ့တရားတဲ့
ဒါဆို ချစ်ခြင်းဟာ ကမ္ဘာကို လည်စေတဲ့တရားဖြစ်မယ်
အနုပညာကို ကြေး သတ်မှတ်ရောင်းတဲ့ခေတ်မှာ ဒီကဗျာကို သက်သေထူပါတယ်
ကျွန်ပ်သည် ရောင်းရန်မဟုတ်သည့် ပန်းချီကားဖြစ်ရပါစေသား.......။

PK(ကျောင်းစောင့်ကြီး)

Thursday, December 24, 2015

"ကြက်ခြေခတ်တွေ ပြန်ပေးပါ"

တစ်ချို.အမှားတွေကို အချိန်က စားတယ်
နောင်တတွေ ကိုယ်စီရှိတဲ့သူတိုင်း
အကယ်၍များဆိုတဲ့စိတ်နဲ့
အချိန်ကို ပြန်ကစားချင်ကြတယ်

အဖြူစင်ဆုံးချစ်ခြင်းတရားကို
ပစ်ခွင်းဖို့စကားလုံးရှာမတတ်တာနဲ့
မပွင့်လိုက်ရတဲ့ပန်းတွေဟာ
ပြန်တွေးတိုင်းလွမ်းစရာကောင်းတယ်

ဝါသနာကို သေချာမသိခင်
ရွေးချယ်လိုက်ရတဲ့ လမ်းကြောင်းမှာ
ပေစောင်းစောင်းနဲ့လိုက်လျောက်နေခဲ့ကြတာ
ခြေထောက်တွေတောင် အတော်ညောင်းနေကြပြီ

ရေကြည်မြက်နုမလားလို့
အိမ်အိုလေးက ထွက်ခွာခဲ့ကြတာ
အမေအိုရဲ.အပြုံးတွေ မမြင်တာကြာမှ
ထမင်းဆီဆမ်းဆိုတဲ့ အရသာကို နားလည်လာတယ်

တက်ကျမ်းတွေဖတ်ပြီး တက်လှမ်းလာတာ
အတက်ကြမ်းမှ လက်ရမ်းတွေ မပါမှန်း သိပြီ
အဆင်းလည်းခက်၊တက်ရတာလည်း နွမ်းလို့
စိတ်ဓါတ်တွေပါ ကြမ်းလာခဲ့ပြီ

ပြန်တမ်းတမိတာကတော့......
တခါက အသေမုန်းဖူးတဲ့ ဆရာမရဲ.ကြိမ်လုံးလေး
မှားရင်ရိုက်တယ်.. အရှိုးရာမထင်ချင်လို့ပြင်ခဲ့တော့
အောင်စာရင်းတွေတိုင်းမှာ ထိပ်ပိုင်းက ပါခဲ့တယ်

ဆရာမရေ......
"ရူးရင်လည်း ထမင်းလွတ်၊ဟင်းလွတ်ရူးကြတဲ့"
နားမလည်ခဲ့ဘူး....နားမထောင်ခဲ့ဘူး
ခုတော့ ထမင်းသိုး၊ဟင်းသိုးလို ဘယ်ဒိုးရမှန်းမသိဖြစ်နေပြီ
ပြန်ပြင်လို့သာ ရမယ်ဆိုရင်လေ........

ကျနော့်ကို အနီရောင်အမှားခြစ်ကြီးကြီးတစ်ခုပေးပါလားဗျာ...။

PK(ကျောင်းစောင့်ကြီး)